top of page
  • revolterkaung

ကရင်နီပြည်တွင် စ.က.စတပ်မှ လူထုအားဖမ်းဆီး၍ အထမ်းသမားအဖြစ်အသုံးပြု၊ အချို့အသတ်ခံနေရ

ကရင်နီပြည် ထိုးစစ်အတွင်း စ.က.စတပ်မှ ပြည်သူများကိုဖမ်းဆီးကာ ရိက္ခာနှင့် ကျည်ဆံများသယ်ခိုင်းလျက်ရှိနေပြီး အချို့ပေါ်တာအထမ်းသမားများ အသတ်ခံနေရကြောင်း မြေပြင်တွင် အထူးသတင်းများစုံစမ်းစစ်ဆေးနေသည့် KnIC အဖွဲ့ဝင်တစ်ဦးမှ အောက်တိုဘာလ ၂၆ရက်နေ့သတင်းပေးပို့ချက်အရသိရသည်။

ခု နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းတွေ ထိုးတဲ့အခါ စားနပ်ရိက္ခာ ကို ကိုယ်တိုင်သယ်သွား တာမျိုးတွေ မလုပ်တော့ပဲ လက်နက်ခဲယမ်း ၊ ကျည်ဆံတွေကိုသာ အဓိကထား သယ်သွားပြီး သူတို့ ရောက်တဲ့ ရွာတိုင်းကို ဝင်ရောက်တပ်စွဲ ပြီး ရိက္ခာတွေ ကိုဖောက်ထွင်း ခိုးယူ ပါတယ်။ ချက်ပြုတ်စားသောက်ပြီး လမ်းမှာ ဖမ်းချင်တဲ့ သူကိုဖမ်းပြီး ရိက္ခာ အချို့ သယ်ခိုင်းတာတွေ ၊ ကျည်ဆံ ခဲယမ်း သယ်ခိုင်းတာတွေ ပြုလုပ်ခိုင်းပြီး ပြန်လွှတ်လာတဲ့ ဒေသခံတွေရှိသလို အသတ်ခံလိုက်ရတဲ့ ဒေသခံတွေလည်းရှိနေပါတယ်။ဟု ၎င်းကပြောသည်။

လက်ရှိထိုးစစ်ဆင်ခြင်းခံနေရသော ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုနှင့် ဖရူဆိုဒေသရှိ လူနေအိမ်တိုင်းသည် စ.က.စတပ်မှ ဖောက်ထွင်းဖျက်ဆီးခိုးယူနေမှုများရှိနေပြီး လူနေအိမ်အနီးအနားတဝိုက် မြေမြှုပ်မိုင်းများထောင်ထားလျက်ရှိသည်ဟုဆိုသည်။

ပြည်သူအားပေါ်တာအဖြစ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်သူနေအိမ်များဖောက်ထွင်းဖျက်ဆီးခြင်း၊ ပစ္စည်းနှင့်ရိက္ခာများခိုးယူနေခြင်းအားလုပ်ဆောင်နေသော တပ်မ (၆၆)သည် ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမှ ဘောလခဲတလျောက် တပ်အင်အားများချထားပြီး ထိုးစစ်ဆင်လျက်ရှိနေသည်ဟု ကရင်နီတပ်မတော် စစ်ရေးချုပ်ရုံးမှ စုံစမ်းသိရှိရသည်။

အသတ်ခံရသော ပေါ်တာအထမ်းသမားများအား KnIC အထူးသတင်းစုံစမ်းရေးအဖွဲ့မှ ဆက်လက်စုံစမ်းလျက်ရှိနေပါသည်။

KnIC


0 views0 comments

Comments


bottom of page