top of page
  • revolterkaung

"အရာတော်မြို့ပေါ်ရှိ သပိတ်ခေါင်းဆောင်များ၏ နေအိမ်နှင့် စီးပွားရေးများကို စစ်တပ်က လာရောက်ချိတ်ပိတ်"

28.10.2021(THU) | 2:00 PM

ယနေ့ အောက်တိုဘာ ၂၈ ရက်တွင် အရာတော်မြို့ပေါ်ရှိ သပိတ်ခေါင်းဆောင်များ၏ နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက်စစ်တပ်က လာရောက်ချိတ်ပိတ်ခဲ့သည်။

သပိတ်ကာလတွင် တက်ကြွစွာပါဝင်ဦးဆောင်ခဲ့သလို အရာတော်မြို့တွင် ပထမဆုံး CDM ပြုလုပ်သူတစ်ဦးလည်းဖြစ်သည့် အရာတော်စည်ပင်မြို့တော်ဝန်ဟောင်း ဦးသန်းရွှေ ၏ ပိတောက်မြိုင်ရပ်ကွက်နေအိမ်နှင့် မြို့မဈေးတွင်းမှ ကုန်စုံဆိုင်သို့ ယနေ့မနက်ပိုင်းတွင် စစ်တပ်က အင်အား(၃၀)ကျော်ဖြင့် ရောက်ရှိလာခဲ့သည်။

ပစ္စည်းများအားလုံးကို အိမ်/ဆိုင်အပြင်သို့ထုတ်၍ ပြောင်းရွှေ့ရန် မိသားစုဝင်များကို သေနတ်နှင့်ချိန်၍ စေခိုင်းခဲ့ကြောင်း သိရှိရသည်။

NLD ပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဝဏ္ဏ၏ ပိတောက်မြိုင်ရပ်ကွက်နေအိမ်ကိုလည်း စစ်တပ်က လာရောက်ချိတ်ပိတ်သွားခဲ့သည်။ အိမ်တွင် မိသားစုဝင်များ ရှိမနေသဖြင့် အိမ်ကို မွှေနှောက်ပြီးမှ ပိတ်ပစ်ထားခဲ့သည်ဟု မျက်မြင်တစ်ဦးကပြောသည်။

အရာတော်သပိတ်ကာလတွင် Defense အဖွဲ့ကို ဦးဆောင်လှုပ်ရှားပေးခဲ့သည့် သတင်းရဲတပ်ဖွဲ့ဝင်ဟောင်း ကိုသူရိန်စိုး၏ အမှတ်(၂)ရပ်ကွက်နေအိမ်ကိုလည်း စစ်တပ်က လာရောက်ချိတ်ပိတ်ခဲ့သည်။ ကိုသူရိန်စိုး၏ မိသားစုဝင်များကို အိမ်ရှိပစ္စည်းများ၊ ပရိဘောဂများ သယ်ထုတ်စေပြီး လမ်းပေါ်ပုံထားခဲ့သည်ဟု မျက်မြင်တွေ့ရသူတစ်ဦးက ပြောသည်။

အိမ်ရှင် သပိတ်ခေါင်းဆောင်များမှာ စစ်တပ်၏ ၅၀၅ ထုတ်ခြင်းခံထားရပြီး တိမ်းရှောင်နေကြသဖြင့် ဖမ်းဆီးခံရခြင်းတော့ မရှိသေးကြောင်း သိရှိရပါသည်။ အခြား ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦး၏နေအိမ်ကိုလည်း စစ်တပ်က သွားရောက်ခဲ့သည်ဟု ကြားသိရသော်လည်း အတည်မပြုနိုင်သေးပါ။ ဆက်လက်တင်ပြပေးပါမည်။

အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး




0 views0 comments

Comments

Couldn’t Load Comments
It looks like there was a technical problem. Try reconnecting or refreshing the page.
bottom of page